Xiaomi Device နဲ့ MIUI Version များ အကြောင်း

အဖွဲ့ထဲမှာ အစ်ကိုတစ်ယောက်မေးလာတဲ့ မေးခွန်းလေးတွေကို ကျွန်တော်သိသလောက်လေး ပြန်ဖြေဖြစ်တာကို ပို့စ်လေးတစ်ခုအနေနဲ့ သပ်သပ်တင်လိုက်တဲ့သဘောပါပဲ။ သိပြီးသားသူတွေလည်း ရှိမှာပါ။ မေးခွန်းတွေကိုတော့ သူပြောတဲ့အတိုင်း Edit နည်းနည်းလေးပဲလုပ်ပြီး ပြန်တင်လိုက်ပါတယ်။

မသိတာလေးတွေ မေးပါရစေ ခင်ဗျ။
ခု Samsung သုံးနေပါတယ်။
mi phone ပြောင်းသုံးရင် ‌ကောင်းမလားလို့...
မသိတာတွေက အတော်များနေတော့...

  1. Xiaomi နဲ့ red mi က ဘာကွာသွားတာပါလဲ?
  2. Note နဲ့ ရိုးရိုးဖုန်းကရော ဘာတွေ ကွာသွားပါလဲ?
  3. China နဲ့  global phone တွေကရော ကွာခြားချက်ကလေးတွေ ပြောပြပေးကြပါ။
  4. Warranty ပါတာနဲ့ မပါတာတွေ အကြောင်းအပြင် အခြားသိအပ်တာများ ရှင်းပြပေးစေချင်ပါတယ်။

ကျေးဇူးပါ။


နံပါတ် ၁
Xiaomi ဆိုတဲ့ကုမ္ပဏီကနေထုတ်တဲ့ ဖုန်းတွေကို Mi Series နဲ့ Redmi Series ဆိုပြီး နှစ်မျိုးထုတ်တယ်။ Mi series ထဲမှာ Mi 1/2/3/4/5/6, Mi Note 1/2/3, Mi Max 1/2, Mi Mix ဆိုပြီးရှိတယ်။ Redmi Series ထဲမှာ Redmi 1/2/3/4/5, Redmi Pro, Redmi Note 1/2/3/4/5 ဆိုပြီး ရှိတယ်။ ခုနောက်ပိုင်းမှာ ထပ်ပြီးထုတ်တာက Selfie အသားပေးဆိုပြီး Y series နဲ့ တစ်ခုတော့ ထွက်ထားတယ်။ အားလုံးနဲ့ခွဲထွက်သွားတာက Mi A1၊ သူက Google နဲ့ပေါင်းပြီးထုတ်တာ၊ Android One series ထဲရောက်သွားတယ်။ Mi နဲ့ Redmi ဘာကွာလဲဆိုတော့ Specifications ကွာတယ်။ Mi series တွေမှာ ဖြစ်နိုင်သမျှ နောက်ဆုံးပေါ် Chip တွေပဲသုံးတယ်။ ဒါကြောင့် Mi series တွေမှာ MTK chip သုံးတာဆိုလို့ အရမ်းရှားတယ်။ အကုန်လုံး SnapDragon တွေချည်းပဲ။ ထုတ်တဲ့ဖုန်းရဲ့ ထုတ်တဲ့အချိန်မှာ နောက်ဆုံးထွက်ထားတဲ့ SD Chip ကိုပဲ သုံးပြီး ထုတ်တာ။ ကင်မရာတွေကအစ၊ ဖုန်းကိုယ်ထည်အဆုံးပေါ့။ ဒါကြောင့် Mi series တွေဟာ High-end ဖုန်းတွေဖြစ်တတ်တယ်... ဒါပေမယ့် Xiaomi ရဲ့ထုံးစံအတိုင်း Xiaomi ရဲ့ High-end ဖုန်းတွေရဲ့ဈေးဟာ အခြားတံဆိပ်တွေမှာရောင်းတဲ့ဈေးရဲ့ မသက်သာဘူးဆိုရင်တောင် အနည်းဆုံး သုံးပုံတစ်ပုံလောက် သက်သာနေတတ်တယ်။ နောက်တစ်ခုက Redmi series..... သူကျတော့ Mid-range Chip တွေထဲမှာမှ စွမ်းဆောင်ရည်မြင့်တဲ့ Chip ကိုသုံးပြီးထုတ်တာ။ သူကျတော့ ဈေးသက်သက်သာသာနဲ့ လူတန်းစားမရွေးကိုင်နိုင်အောင် ထုတ်တော့ MTK Chip နဲ့ရော၊ SD Chip နဲ့ရော၊ ထုတ်တတ်တယ်။ အဲ့တော့ Mi နဲ့ Redmi ဘာကွာလဲဆိုတော့ အကြမ်းဖျဉ်း Spec နဲ့ ဈေးနှုန်းကွာတာပေါ့ 😁😁😁။



နံပါတ် ၂
Note နဲ့ ရိုးရိုးဖုန်းက ဘာမှမကွာပါဘူး။ မျက်နှာပြင်အကျယ်နဲ့ ဘက်ထရီပမာဏလောက်ပဲ ကွာတာပါ။ Spec ကကျတော့ Mi နဲ့ Redmi ကွာသလို Mi Note နဲ့ Redmi Note လည်း ကွာတာပါပဲ။ သေချာတာတော့ Mi series ကို Redmi Series က ယှဉ်နိုင်မှာ မဟုတ်ပါဘူး။ Target ထားတဲ့ဈေးကွက် ကွာလို့ပါ။

နံပါတ် ၃ နဲ့ ၄
China နဲ့ Global ဖုန်းတွေက ဘာကွာလဲဆိုတော့ အကြမ်းဖျဉ်းအားဖြင့် ဖုန်းထဲမှာ သုံးထားတဲ့ ROM အမျိုးအစားနဲ့ ROM ထဲမှာပါတဲ့ လုပ်ဆောင်ချက်တစ်ချို့ ကွာပါတယ်။ Mi series ထဲမှာရော Redmi series ထဲမှာပါ China market အတွက် သီးသန့်ထုတ်တဲ့မော်ဒယ်တွေ ရှိပါတယ်။ အဲ့လိုမော်ဒယ်တွေအတွက်ကျတော့ Global ROM မရှိတတ်ပါဘူး။ China market ကို ဦးတည်ထားလို့ တရုတ်ပြည်တွင်းမှာ အသုံးများတဲ့လုပ်ဆောင်ချက်တွေကိုပဲ ဦးစားပေးထည့်ထားလို့ပါ။ နောက်ပြီး အဲ့လိုအလုံးတွေက Contract အလုံးတွေဖြစ်တတ်ပါတယ်။ တရုတ်ပြည်တွင်းတယ်လီကွန်တွေနဲ့ ချိတ်ပြီးရောင်းတတ်တဲ့အလုံးတွေပါ။ ဒါပေမယ့် အောက်လမ်းကနေ အခြားနိုင်ငံတွေကို ဝယ်ရောင်းလုပ်နေတဲ့လူတွေကြောင့် အဲ့လိုအလုံးတွေက အခြားနိုင်ငံတွေမှာလည်း ပျံ့နေတတ်ပါတယ်။ Contract အလုံးလို့ သေချာပြောနိုင်တဲ့အချက်က ဖုန်းရဲ့နောက်ကျောဘက်မှာ 4G Logo ပါတာနဲ့ ပါဝါဖွင့်လိုက်ရင် Mi Logo နဲ့ တက်မလာဘဲ 4G Logo နဲ့ တက်လာတတ်တာပါ။ Contract မဟုတ်တဲ့အလုံးတွေလည်း ရှိပါတယ်။ Global အလုံးကျတော့ Global ကိုဖြန့်တဲ့မော်ဒယ်တွေပေါ့။ Xiaomi ရဲ့ အဓိက Global ဈေးကွက်က အိန္ဒိယနိုင်ငံပါ။ အိန္ဒိယနိုင်ငံမှာက Official Showroom ရော Sale center ရော၊ Official service center ရော ရှိပါတယ်။ နောက်ပြီး တစ်ချို့မော်ဒယ်တွေကို အိန္ဒိယဈေးကွက်ကို ဦးတည်ပြီးထုတ်ထားတာတွေ ရှိပါတယ်။ Launch event ကိုပါ တရုတ်မှာတောင်မလုပ်ဘဲ အိန္ဒိယမှာပဲ လုပ်တာပါ။ အဲ့တော့ ဘာကွာလဲဆို ဘာမှမကွာပါဘူးလို့ပဲ ပြောလို့ရပါတယ်။ အချို့ကတော့ အာမခံပါတာမပါတာ ကွာတယ်ပြောကြတယ်။ ဒါပေမယ့် တရုတ်ပြည်တွင်းမှာလည်း တရားဝင်အရောင်းဆိုင်၊ ပြခန်း၊ ဆားဗစ်စင်တာတွေရှိလို့ အာမခံက တရုတ်မှာလည်း ရပြီးသားပါ။ Global မှာကလည်း သူ့တရားဝင်ဆိုင်တွေရှိတဲ့နိုင်ငံတွေမှာလည်း အာမခံဆိုတာ ပါပြီးသားပါ။ မြန်မာနိုင်ငံမှာကျ‌တော့ တရားဝင်ဆားဗစ်စင်တာမရှိပါဘူး။ တရားဝင်တင်သွင်းဖြန့်ချီခွင့်ရတဲ့ ကိုယ်စားလှယ်ပဲရှိပါတယ်။ ကျွန်တော်သိသလောက်ပေါ့။ ဒါကြောင့် ဒီနိုင်ငံမှာတော့ အာမခံဆိုတာ သိပ်ပြီးအရေးပါလှတယ်လို့လည်း မဟုတ်ပါဘူး။ ဖြစ်လာရင် ခေါင်းရှောင်ဖို့လောက်ပဲ သိကြတယ်။ မတတ်နိုင်တော့တဲ့အဆုံးကျမှ လုပ်ပေးတတ်ကြတယ်။ (ပြောရင်းနဲ့ နိုင်ငံရေးတွေပါကုန်ပြီ 😂😂😂။) တစ်ချို့ဆိုင်တွေကတော့ Risk ယူတာလည်းပါတယ်၊ ဆိုင်ရဲ့ပုံရိပ် မထိခိုက်စေချင်တာကြောင့်လည်းပါတယ်။ အတတ်နိုင်ဆုံး ဆိုင်အာမခံအနေနဲ့ ခြောက်လဆိုပြီး အာမခံပေးတတ်တယ်။ မြန်မာနိုင်ငံမှာ တရားဝင်တင်သွင်းဖြန့်ချီခွင့်ရတဲ့ကုမ္ပဏီက Strong Source ကုမ္ပဏီပါ။ သူကတော့ အရောင်းစင်တာတွေဖွင့်ပြီး Mi သီးသန့် ကောင်းတတ်ပါတယ်။ သူကတော့ အာမခံ ဆိုတဲ့စာတန်းကြီးကို ဘူးပေါ်မှာကပ်ထားတယ်။ သုံးစွဲသူတွေကို သူတို့ပြောပြောတတ်တဲ့ Official 1 year Warranty ဆိုပြီးတော့ပေါ့။

အဲ့တော့ အခြားနိုင်ငံတွေမှာမဟုတ်ဘဲ  မြန်မာနိုင်ငံအနေနဲ့  ကြည့်မယ်ဆိုရင် Warranty ပါတာနဲ့မပါတာ ဘာကွာလဲဆိုတော့  ဈေးနှုန်းကလွဲရင် ဘာမှမကွာပါဘူး။ Spec လည်း အတူတူပါပဲ။ Official 1 year Warranty ဆိုတဲ့စာတန်းပါတဲ့ဟာဆိုရင် မပါတဲ့ဟာထက် အနည်းဆုံး ၂ သောင်းလောက် ဈေးများတတ်ပါတယ်။

အခြားသိအပ်တာတွေကတော့

၁။ MIUI Rom တွေအကြောင်း

 MIUI Rom တွေမှာ China rom နဲ့ Global rom နှစ်မျိုးခွဲတယ်။ China Rom မှာက တရုတ်ဆော့ဝဲတွေပါတယ်။ Google service တွေကို ကိုယ့်ဟာကို ပြန်ထည့်ပေးရတယ်။ Global rom မှာက တရုတ်စာလုံးဝမပါဘူး၊ Google နဲ့ပက်သက်တာတွေ အကုန်အော်တိုပါတယ်။ China rom ထက်ဖိုင်ဆိုဒ်ကြီးတယ်။ China rom ရော Global rom မှာပါ Stable version နဲ့ Dev version ဆိုပြီး နှစ်ခုထပ်ခွဲထားတယ်။ သိပ်မကလိတတ်ဘူး....ပုံမှန်သုံးတဲ့သူဆိုရင်တော့ Stable rom ပဲသုံးလို့ရပါတယ်။ အပတ်တိုင်း Update လုပ်ချင်တယ်၊ Feature အသစ်တွေကို ကလိချင်တယ်ဆိုရက်တော့ Dev rom ကိုသုံးလို့ရပါတယ်ဗျ။ Stable က Bugs မရှိသလောက်နည်းပါတယ်ဗျ၊ Dev မှာက Bug အနည်းနဲ့အများဆိုသလို ပါတတ်ပါတယ်ဗျ။ Dev မှာ Feature အသစ်တွေကို မိတ်ဆက်တဲ့အပါတ်တွေရှိသလို တစ်ချို့အပါတ်တွေမှာကျတော့ အရင်အပါတ်က ထွက်ခဲ့တဲ့ Rom က Bug and error ကို Fix လုပ်ပြီး ထွက်တဲ့အခါလည်း ရှိပါတယ်ဗျ။ အဲ့လို ထပ်ထည့်ထားတဲ့ Feature အသစ်တွေ Bug မရှိပဲ Stable ဖြစ်သွားတဲ့အခါမှာတော့ Stable rom version အသစ်ထွက်ပါတယ်ဗျ။ အဲ့ဒါကြောင့် သိပ်မကလိပဲ အငြိမ်ပဲသုံးတတ်တဲ့သူတွေကတော့ Stable နဲ့ ပိုသင့်တော်ပါတယ်။ ဘာကိုသုံးမလဲဆိုတာကတော့ သုံးစွဲသူရဲ့ရွေးချယ်မှုပါပဲ။ ကိုယ်နဲ့သင့်တော်မယ့် Rom ကိုရွေးသုံးပါ။ နောက်ပြီး Mi မှာက ဇော်ဂျီသုံးဖို့သက်သက်နဲ့တော့ Root မလိုတော့ပါဘူး။ Theme font နဲ့တင် အဆင်ပြေပါတယ်။

နောက်တစ်ခု MIUI Rom တွေမှာ အမျိုးအစားတွေကွဲတဲ့အတွက် ကိုယ်သုံးနေတာ ဘာ MIUI Rom အမျိုးအစားလဲဆိုတာသိချင်ရင်တော့ -
Stable rom က MIUI 9.x.x.x နဲ့စပါတယ်။ အဲ့ဒီ MIUI Version နောက်မှာပါတဲ့ စာလုံးခုနစ်လုံးကိုကြည့်ပါ။ လေးလုံးနဲ့ငါးလုံးမြောက်မှာ -
CN ပါရင် China Stable
MI ပါရင် Global Stable 

Dev rom က လက်ရှိမှာတော့ 8.x.xx နဲ့စပါတယ်၊ (MIUI version အနောက်မှာလည်း Beta လို့ပါပါတယ်) ရှေ့ဆုံးက ခုနှစ်၊ အလယ်က လ၊ နောက်ဆုံးက ထွက်တဲ့ရက် (ဥပမာ - 8.2.8 ဆိုရင် 2018 ခုနှစ် 2 လပိုင်း 8 ရက်နေ့ထွက်တဲ့ Developer Rom ပေါ့)


၂။ MIUI Settings
MIUI ROM ဟာ Google က ထုတ်လိုက်တဲ့ မူလ Pure Android ကို သုံးစွဲသူတွေ အသုံးများတဲ့၊ တောင်းဆိုတာများတဲ့ အသုံးဝင်တဲ့လုပ်ဆောင်ချက်လေးတွေ ထပ်ဖြည့်ပြီး Xiaomi ကထုတ်တဲ့ Mi devices တွေမှာ Run ပေးတဲ့ Android အခြေခံ UI တစ်ခုပါ။ MIUI - Mi UI (မီယူအိုင်) လို့ အသံထွက်ပါတယ်။  မူလ Android မှာက မရှိမဖြစ်လိုအပ်တဲ့အက်ပ်နဲ့ လုပ်ဆောင်ချက်တွေကလွဲရင် ဘာမှမပါတဲ့အတွက်ကြောင့် သုံးစွဲသူတွေက တတိယပါတီအက်ပ်တွေ ထပ်သွင်းပေးရပါတယ်။ MIUI က အဲ့လိုအက်ပ်တွေ ထပ်သွင်းစရာမလိုအောင် တစ်ပါတည်း ROM ထဲမှာထည့်ပေးလိုက်လို့ အသုံးများတဲ့ လုပ်ဆောင်ချက်တော်တော်များများအတွက် အပြင်ကအက်ပ်တွေ ထည့်စရာ မလိုတော့တာပါ။ (Pure Android နဲ့ MIUI ROM ရဲ့ ကွာခြားချက်နဲ့ အကျိုးအပြစ်တွေကို သပ်သပ်ပို့စ်တစ်ခု ထပ်ရေးပါဦးမယ်။) အဲ့လိုထည့်ပေးထားတဲ့အတွက်ကြောင့် ပါတော့ပါတယ်၊ ရှာပြီး သုံးရပါတယ်။ MIUI ROM ရဲ့ Settings ပိုင်းဟာ အခြားသော UI တွေထက် အနည်းငယ်ရှုပ်ပါတယ်။ နေရာစုံမှာ ပြန့်နေတာကိုး။ အခု နောက်ဆုံးထွက်ထားတဲ့ MIUI 9 မှာ အတတ်နိုင်ဆုံး အရိုးရှင်းဆုံးဖြစ်အောင် ပြင်ဆင်ထားတာကို တွေ့ရပါတယ်။

Comments

Popular posts from this blog

မြန်မာယူနီကုဒ်ဖောင့်များ စုစည်းမှု (Updated on 1.10.2016)

ZawDecode 2.0 (နှစ်မျိုးမြင်ဖောင့်)

VIVO MYANMAR UNICODE THEME FONT FOR ANDROID 4.2.2